Wednesday, September 28, 2011

အသံအက်သွားတဲ့ ခေါင်းလောင်းလေး

ရောင်စုံပန်းခြင်း တစ်ခု . . .
စတုတ္ထတန်း ကျောင်းသား/သူများကောင်းမှု။
အဖူး အငုံ
ပွင့်ရုံ ပွင့်ချပ်၊ ပွင့်ဖတ်ညှိုးရော်
သော်က ဇီဇဝါ၊ စကြာ ပုဏ္ဏရိတ်
သွယ်ချိတ် ကုံးယှက်၊ မျက်ရည်စက်တွေနဲ့
သူ့အတွက်လေ . . . ။
ဖိနပ်မဲ့ ခြေဖဝါး၊ မေးခိုင်ပိုးစားခြင်း
ထင်ရှုးသားသေတ္တာ၊ လဲလျောင်းစရာ ... ။
သွားပေဦးတော့ကွယ် . . .
ဘုန်းကြီးအိုတစ်ပါးထံ၊ ဝတ္ထုငွေငါးကျပ် နှံအပ်
သရဏဂုံ ဆည်းကပ်လေ . . . ။
ကောင်းရာဘုံဘဝ ရောက်ပါစေ . . . ။
အမိကို ကူ . . .
အဖကို ကူ . . .
အပူမျှ ယူ . . .
ခဲတံမဲ့ သူ . . .
စာအုပ်မဲ့ သူ . . .
မုန့်ဖိုးမဲ့ သူ . . .
အလှူငွေ မထည့်နိုင်သူ . . .
အပူအားလုံး ငြိမ်းပေါ့။
သေတ္တာဖုံးရိုက်ပိတ်၊ လျှာအဆိပ်သင့်
ရင်နင့်နေခိုက်၊ ရှိုက်သံ တစ်ချက် တစ်ချက်
‘သံစူးသတဲ့ . . . တော်တို့ရေ . . .’
အကြော်သည်အမေ မြေလူးလေရဲ့။
စာသင်ခန်းမ
နောက်ဆုံးတစ်နေရာ
လစ်ဟာနေမှာ . . . ။
ကျောင်းခေါ်ကြိမ် စာရင်း
မင်းနာမည် ကျော်ဖတ်ရတော့မှာ . . . ။
လေ့ကျင့်ခန်းစာအုပ်
တစ်အုပ် လျော့သွားမှာ . . . ။
ခုံပေါ် မတ်မတ်
ရပ်ရမယ့် ပြစ်ဒဏ်
မင်းဝိဉာဉ် မခံစားစေတော့ . . . ။
‘သင် သွားလိုရာ . . . သွားနိုင်သည် . . .’
မကြားဝံ့ဝံ့၊ နှုတ်ဆွံ့ရှိုက်ငင် . . .
တစပြင် အထွက်
နှောင့်ယှက်ဆဲ အသံတွေ၊ မနက်ဖြန် နံနက်
ကျောင်းအတက်မှာ၊ ဆရာမလက်
ခေါင်းလောင်းအထိုး ခက်ပေလိမ့်။
မအိ
(ရှုမဝ၊ ဇူလိုင်၊ ၁၉၈၂ ခု)