Wednesday, June 27, 2012

မြင်းဝါလေး


မချစ်လို့တော့ မဟုတ်ပါဘူးတဲ့
မြင်းတစ်ကောင်မို့ လှည်းဆွဲရမယ်
မသနားလို့တော့ မဟုတ်ပါဘူးတဲ့
မြင်းရှာတဲ့လုပ်အားကို မြင်းအတွက်သုံးစရာမလို
မြင်းဇောင်းကောင်းကောင်းမလို
အစာအသင့်အတင့်ကျွေးရင် ကျေနပ်နေတာပဲ။
မြင်းဆိုတာ ခံနိုင်ရည်ရှိတယ်
တစ်နေကုန်ပြေးလည်း မပင်ပန်းဘူး
အမြုံ့ထွက်လည်း ကိစ္စမရှိဘူးတဲ့
ပူလည်းဖြစ်တယ် အေးလည်းဖြစ်တယ်
လမ်းကြမ်းလည်း သံခွာရှိတယ်
တကယ့်ကိုချစ်ပါတယ်
မြင်းဖြစ်တဲ့အတွက်တော့ ဆက်ခိုင်းရမယ်
ပတ်ဝန်းကျင်ကိုမမြင်အောင် မျက်လုံးကိုဖုံးထားတယ်
ဝန်များများဆွဲအောင် နာနာရိုက်ရမယ်တဲ့
ကြိုးဆွဲရင်ရပ် တုတ်တို့ရင်ပြေး
သေသွားရင်တောင်
အမြီးလေးကို ခြင်ရိုက်တံအဖြစ် အမြတ်တနိုး သုံးဦးမှာတဲ့
မြင်းကတော့ မြင်းဖြစ်တဲ့အတွက် ဒါတွေမသိပါဘူး
ဆွဲစရာဝန်မရှိလို့ မြက်ခင်းတွေထဲ လွှတ်ပေးတဲ့နေ့ကပေါ့
ပျော်လွန်းလို့ ပြေးနေလိုက်တာ
ဟီသံတွေများ အ၀ါရောင်သန်းလို့။
(စိုးမိုးယံရဲ့ စံပယ်ဖြူမဂ္ဂဇင်း 2007 ခုနှစ် ဇူလိုင်လထုတ်မှာပါတဲ့ ကဗျာလေးပါ။ ကြိုက်လွန်းလို့ တင်ထားတာပါ။)

"ဒီပရင်္ဂ"

ပုံပြင်ထဲက မြို့လည်း မဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇဝင်ထဲက မြို့တမြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့
သမိုင်းဝင် မြို့တမြို့။

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။

သာသနိက အဆာက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။

အလောင်းဘုရား လက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ
ဘိုးတော်ဘုရား လက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။

ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။

ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်

ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီး တယောက်
သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။

တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။

မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ
အတိတ် တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့ 

ဆရာကြည်မောင်သန်း
ဒီပဲရင်း အဖြစ်အပျက်ကို ဖွဲ့ဆိုထားသည့် “ဒီပရင်္ဂ ” ကဗျာ

Tuesday, November 1, 2011

လူမှုရေး ဆိုးကျိုးများ

ရွှေ့ပြောင်းနေရာချထားခြင်း | စားနပ်ရိက္ခာ လုံခြုံရေး | ကျန်းမာရေးဆိုင်ရာ အချက်များ | အမျိုးသမီးများအပေါ် ဆိုးကျိုးသက်ရောက်မှု | ယဉ်ကျေးမှုများ ပျောက်ကွယ်ဆိတ်သုဉ်းရခြင်း

ရွှေ့ပြောင်းနေရာချထားခြင်း
မြန်မာနိုင်ငံမြစ်များဆိုင်ရာ ကွန်ရက်အဖွဲ့ (BRN) ၏ သုတေသနပြုထားချက်များအရ ဆည်များကြောင့် ဖြစ်ပေါ်လာမည့် ရေလွှမ်းမိုးခံရသည့် ဒေသများမှ လူပေါင်း ၁၀၀,၀၀၀ ခန့် ပြောင်းရွှေ့ကြရမည် ဖြစ်ပါသည်။ ၎င်းတို့အနေနှင့် သူတို့၏အိမ် များ၊ မြေယာများနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို စွန့်ပစ်ပြီး ရွှေ့ပြောင်းကြရမည် ဖြစ်ပါသည်။ ဆည်များတည် ဆောက်မည့် နေရာဒေသများရှိပြည်သူ အများစုသည် အသက်ရှင်သန်နိုင်ရုံသာ ရုန်းကန်နေကြရသည့်ဘ၀များဖြစ်သော ကြောင့် ဤသို့ရွှေ့ပြောင်းနေရာချထားခံရခြင်းကြောင့် အခြားဒေသများသို့ အလုပ်အကိုင်ရှာဖွေရန် ပြောင်းရွှေ့ထွက်ခွါသွား မည့်အရေးကို တွေ့နေရပါသည်။ ဖြစ်နိုင်သည်မှာ အခြားနိုင်ငံများသို့ပါ အလုပ်အကိုင်ရှာဖွေရန် ထွက်ခွါသွားရဖွယ် ရှိနေပါ သည်။ ဆည်ရေလွှမ်းမိုးမှုကြောင့် ရွှေ့ပြောင်းအခြေချရသည်သာမက ဆည်တည်ဆောက်မည့်နေရာ လုံခြုံရေးအတွက် ကြို တင်၍ ဆောင်ရွက်သော "သောင်းကျန်းသူနှိမ်နင်းရေး" စစ်ဆင်ရေးများကြောင့်လည်း လူပေါင်းထောင်သောင်းချီ၍ အခြေ ပျက် ထွက်ပြေးနေကြရပြီး ဖြစ်ပါသည်။ (စစ်အင်အားတိုးချဲ့နေရာချထားမှု ကိုကြည့်ပါ။)

မြန်မာနိုင်ငံတွင် ဆည်များတည်ဆောက်မှုကြောင့် လူအများပြောင်းရွှေ့အခြေချရမှုကို သိရှိနိုင်ရန် မြန်မာနိုင်ငံတွင် ပထမဦး ဆုံး တည်ဆောက်ခဲ့သည့် ကရင်နီပြည်နယ်ရှိ လောပီတရေအားလျှပ်စစ် စီမံကိန်းကို နမူနာ လေ့လာရန် ဖြစ်ရပ်အဖြစ် ကြည့်စေလိုပါသည်။ မိုးမြဲဆည်နှင့် လောပီတ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်မှုကြောင့် လူပေါင်း ၁၂,၀၀၀ အိုးအိမ်မဲ့ ရွှေ့ပြောင်းခဲ့ကြရပါသည်။ သူတို့၏ အိမ်ခြေရင်းသို့ ရေရောက်ရှိလာသည့်တိုင်အောင် သူတို့ပြောင်းရွှေ့ပေးကြရမည် ဖြစ် ကြောင်း အာဏာပိုင်များက ကြိုတင်အသိပေးခဲ့ခြင်း မရှိပါ။ ရွာသားများကို စစ်တပ်က ထိန်းချုပ်ထားသည့်စုစည်းကျေးရွာ များသို့ ပြောင်းရွှေ့အခြေချရန် အမိန့်ပေးခဲ့ပါသည်။ ဤစုစည်းစခန်းများမှာ လူများပြည့်ကျပ်နေပြီး ကျန်းမာရေးနှင့်လည်း မညီညွတ်ပါ။ စုစည်းစခန်းများမှ ထွက်ခွါခဲ့ကြသူများမှာ မိမိတို့ဘာသာ ရုန်းကန်ရပ်တည်ရခြင်း သို့မဟုတ် ဆွေမျိုးများ အပေါ်မှီခိုကြရခြင်း၊ သို့မဟုတ် တောတွင်း ဖြစ်သလို နေထိုင်ခဲ့ကြရခြင်းများ ကြုံရပါသည်။ လျော်ကြေးပေးသည့်ငွေမှာ လည်း အလွန်တရာနည်းလွန်းလှသည့်အတွက်ကြောင့် လူအများက ဒေါသဖြင့် လက်ခံရန် ငြင်းပယ်ခဲ့ကြပါသည်။ လယ် ယာမြေများကိုလည်း လျော်ကြေးမပေးဘဲ သိမ်းယူခဲ့ပြီး ရေလွှဲမြောင်းများဖောက်ရန်၊ သက်ဆိုင်သည့် အခြေခံအဆောက် အဦများ ဆောက်ရန် အသုံးပြုခဲ့ကြပါသည်။

ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင် (WCD) က ကမ္ဘာတ၀ှမ်းလုံးတွင် ဆည်များတည်ဆောက်မှုကြောင့် လူပေါင်း သန်း ၄၀ မှ ၈၀ အထိ အခြေပျက် ရွှေ့ပြောင်းခဲ့ကြရသည်ဟု ခန့်မှန်းပါသည်။ အမျိုးသမီးများနှင့် ဌာနေတိုင်းရင်းသားများသည် ဤသို့ အခြေပျက်ရွှေ့ပြောင်းရမှု ဒဏ်ကို မမျှမတနစ်နာခံစားခဲ့ကြရပါသည်။ ကော်မရှင်၏ အဆိုအရ ရုပ်ဝတ္ထုပစ္စည်းဆုံးရှုံးခြင်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဆုံးရှုံးခြင်းကြောင့် "မြေမဲ့များ ဖြစ်ရခြင်း၊ အိုးအိမ်ခြေမဲ့သူများ ဖြစ်ရခြင်း၊ ချိုးနှိမ်စွန့်ပစ် ခံရခြင်း၊ စားနပ်ရိက္ခာမလုံခြုံမှုနှင့် ကြုံရခြင်း၊ လူအသေအပျောက်နှုန်း မြင့်မားလာခြင်း၊ လူအများသုံးနိုင်သည့် အရင်းအမြစ် များ ဆုံးပါးလာခြင်း၊ လူမှုရေးနှင့် ယဉ်ကျေးမှုအရ ခံနိုင်ရည်အားများ လျှော့ပါးလာခြင်းများ" ကြုံတွေ့ခဲ့ရသည်ဟု ဆိုပါ သည်။

စားနပ်ရိက္ခာ လုံခြုံရေး
ဆည်များက မြစ်ကြောင်းမှပို့ချလာသည့် အနယ်အနှစ်များကို တားဆီးထားပြီး အနယ်ကျစေပါသည်။ မြစ်အောက်ပိုင်းသို့ မရောက်စေရန်လည်း တားဆီးထားပါသည်။ သို့အတွက်ကြောင့် မြစ်အောက်ပိုင်းတွင် နုံးတင်လွင်ပြင်များနှင့် မြစ်ဝကျွန်း ပေါ်ဒေသရှိ စိုက်ပျိုးရေးလုပ်ငန်းများ အထွက်နှုန်းကိုလည်း ကျဆင်းစေရာ အာဟာရဖြစ်စေမည့် ငါးများနှင့် အပင်များလည်း ဆုံးရှုံးရစေပါသည်။ ဤသို့ဖြစ်ရခြင်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွက် အထူးစိုးရိမ်ဖွယ် အခြေအနေပင် ဖြစ်ပါ သည်။ အကြောင်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက မြန်မာနိုင်ငံ၏ ဆန်စပါးအထွက် ၆၀% ကို ထုတ်လုပ်ပေးနေသော ကြောင့် ဖြစ်ပါသည်။ အလားတူပင် သံလွင်မြစ်ဝှမ်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ငါးဖမ်းလုပ်ငန်းများက မွန်ပြည်နယ်နှင့် ရန်ကုန်ရှိ သန်းနှင့်ချီသည့်လူထုများအတွက် စားနပ်ရိက္ခာများ ထုတ်လုပ်ပေးနေပါသည်။ ဇီဝသတ္တမျိုးကွဲစုံလင်မှု ထွေပြား သည့် ဒေသများတွင် ဆည်များတည်ဆောက်ခြင်းဖြင့် မြစ်နိမ့်ပိုင်းဒေသ အများကို ရေလွှမ်းမိုးစေမည် ဖြစ်ပြီး၊ သဘာဝအရ ရှားပါးသည့် အပင်နှင့် တိရိစ္ဆာန်မျိုးနွယ်များ ရာနှင့်ချီ၍ လုံးဝပြန်မတွေ့ရတော့လောက်အောင် ဆုံးရှုံးပျောက်ကွယ်သွားစေ မည် ဖြစ်ပါသည်။ ဆည်များကြောင့် ရွှေ့ပြောင်းအခြေချရသည့်သူများနှင့် စိုက်မြေယာများ ဆုံးရှုံးရသူများအဖို့၊ သစ်တော များ ဆုံးရှုံးကြရသူများအဖို့သည်လည်း စားနပ်ရိက္ခာ မလုံခြုံမှုနှင့် ကြုံတွေ့ကြရမည် ဖြစ်ပါသည်။ ဆည်များတည်ဆောက်မှု ကြောင့် ငါးဖမ်းလုပ်ငန်း အပေါ် ဆိုးကျိုးသက်ရောက်မှုနှင့် မြစ်ကမ်းပါးရှိ စိုက်ခင်းများ ဆုံးရှုံးရမှုကြောင့် စားနပ်ရိက္ခာဖူလုံမှု ကိုလည်း ထိခိုက်ကျဆင်းစေနိုင်ပါသည်။

ကျန်းမာရေးဆိုင်ရာ အချက်များ
ရောဂါများ တိုး၍ ဖြစ်ပေါ်လာနိုင်ခြင်း
ဆည်တည်ဆောက်မှုနှင့်အတူ မစီးဘဲ ငြိမ်နေသောရေတွင် ခြင်များပေါက်ဖွားနိုင်ခြင်းကြောင့် ငှက်ဖျားရောဂါတိုး၍ ဖြစ်ပေါ် လာခြင်းကို ဆည်တည်ဆောက်မှုများနှင့်အတူ ယှဉ်၍ တွေ့ရှိရပါသည်။ ရောဂါပိုးသယ်ဆောင်သည့် အင်းဆက်ပိုးများ၏ ဇီဝ သဘောပြောင်းလဲမှုနှင့် လူအများပြောင်းရွှေ့နေထိုင်ရမှုကြောင့် ရောဂါလက္ခဏာများလည်း ပြောင်းလဲသွားစေပြီး ဗိုင်းဗက်စ် Vivax ငှက်ဖျားမှသည် ပို၍ လူကိုအန္တရာယ်ပြု သေစေနိုင်သော ဖယ်လ်စီပရမ် falciparum ငှက်ဖျား အဖြစ် ပြောင်းလဲကူး စက်စေနိုင်ပါသည်။ အလားတူပင် ဆည်များတည်ဆောက်ခြင်းနှင့် ရေလွှမ်းမိုးလာခြင်းကြောင့် အချို့သော ဖြစ်ရပ်များတွင် ကိုယ်ခန္ဓာ သားငံရည်ထဲသို့ သံမျှင်ကောင်များဝင်စေပြီး (ဆင်ခြေထောက်ရောဂါ) ဖြစ်စေသော Wuchereria bancrofti ရောဂါကူးစက်မှုများ ဖြစ်လာသည်ကိုလည်း တွေ့ရှိရပါသည်။ (ဆည်များ၊ ရောဂါများနှင့် ရွှေ့ပြောင်း အခြေချရမှုများ Dams, Diseases and Displacement ဆောင်းပါးကို ကြည့်ပါ။) ထို့အပြင် ကပ်ပါးသံကောင်များ ကြောင့်ဖြစ်သည့် ရှစ်စတို ဆိုမီယေးစစ် (schistosomiasis) ရောဂါများကိုလည်း ဆည်တည်ဆောက်မှုနှင့်အတူ ယှဉ်၍ တွေ့ရှိကြရပါသည်။

ဆည်များမှ အဆိပ်သင့်ရေများ ထုတ်လွှတ်ခြင်း
ရေများသည် ရေလှောင်တမံထဲတွင် ငြိမ်နေသည်နှင့်အမျှ ပုတ်သိုးလာသော ဇီဝရုပ်ကြွင်းများကို စားသုံးရှင်သန်နေကြသော ဘက်တီးရီးယားများက ရေထဲတွင်ရှိနေသော ပြဒါးဓါတ် (မာကျူရီ) များကို မီသိုင်းလ် မာကျူရီဓါတ် (Methylmecury) အဖြစ်သို့ ပြောင်းလဲပစ်ပါသည်။ ဤဓါတ်မှာ လူတို့၏ ဗဟိုအာရုံကြောစနစ်ကို အဆိပ်အတောက်ဖြစ်စေသော ဓါတ်တမျိုး ဖြစ်သည်။ ရေကို ထုတ်လွှတ်လိုက်သောအခါ မီသိုင်းမာကျူရီဓါတ်ကို မြစ်အောက်ပိုင်းသို့ပါ ဆက်လက်ပို့လွှတ် ရောက်ရှိစေ ပါသည်။ သိပ္ပံပညာရှင်များက ဆည်တည်ဆောက်ရာဒေသ မြစ်အောက်ပိုင်းနေ လူထုများ၏ သွေးကြောများအတွင်း ပြဒါး စုပုံလာမှုကို အထူးသတိထားမိလာကြပါသည်။ ဧရာဝတီမြစ်၊ မလိခနှင့် အင်မိုင်ခမြစ်များနှင့် ရဲရွာဆည်တို့သည် ရွှေမိုင်း တွင်းများ၊ သတ္တုမိုင်းများနှင့် နီးသောကြောင့် ရေတွင် ပြဒါးဓါတ် ပါဝင်မှုနှုန်း မြင့်နေပြီး ဖြစ်နေပြီဟု ယူဆနိုင်ဖွယ် ရှိ၍ စိုးရိမ် ဖွယ် ဖြစ်ပါသည်။

အစားအသောက် ချိတ်ဆက်မှုမှနေ၍ မီသိုင်းမာကျူရီဓါတ် တဆင့်မှ တဆင့်ပြောင်းလာသည့်အခါ ၎င်းဓါတ်သည်ပို၍ ပျစ် နှစ်စုပုံလာပါသည်။ အမေက မိသိုင်းမာကျူရီဓါတ်ပါသော ငါးများစားမိ၍ သားအိမ်မှဖြတ်ကာ ၀မ်းတွင်းရှိ ကလေးငယ်ထံသို့ ပင် သက်ရောက်မှု ရှိစေနိုင်ပါသည်။ ကလေးငယ်၏ ဦးနှောက်နှင့် အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပါသည်။ ကလေး၏ သိစိတ်ဆင်ခြင်မှု (cognitive thinking)၊ မှတ်ဉာဏ်စူးစိုက်မှု၊ ဘာသာစကား ပြောဆိုမှု၊ အနုစိတ်လုပ်ငန်းများ၊ အာရုံ အလေးထားမှု၊ အမြင်အာရုံ (fine motor and visual spatial skills) တို့ကို ထိခိုက်စေနိုင်ပါသည်။

ကျန်းမာရေးအရ ထိခိုက်နစ်နာဖွယ် အခြေအနေ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ကမ္ဘာပေါ်တွင် အချို့တဲ့အဆိုးရွားဆုံး နိုင်ငံတခုအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါသည်။ မူလကတည်းက ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းနေသည့်နေရာဒေသများ တွင် ရောဂါများ တိုးတက်ဖြစ်ပေါ်လာနိုင်ခြင်းနှင့် အဆိပ်သင့်ရေများ ထုတ်လွှတ်မှုဖြစ်ပေါ်လာပါက ပို၍ဒုက္ခဖိစီးဖွယ် အကြောင်းများ ဖြစ်လာပေလိမ့်မည်။ ဆည်တည်ဆောက်မည့်နေရာများနှင့် ၀န်းကျင်တွင် ကိုယ်ခံအားကျရောဂါ (HIV/ AIDS) ကဲ့သို့သော ရောဂါဆိုးများ ၀င်ရောက်လာနိုင်ခြင်းနှင့် ကူးစက်ပြန့်ပွားနိုင်ခြင်းတို့ကြောင့် ကမ္ဘာတ၀ှမ်းရှိ ဆည်တည် ဆောက်ရေးစီမံကိန်းများကို အထူးစိုးရိမ်ပူပန်နေကြခြင်းလည်း ဖြစ်သည်။ ရွှေ့ပြောင်းအခြေချရသောကြောင့် လူအများ ဘ၀ အခြေအနေ ပျက်ပြားသွားရကာ ကျန်းမာရေးအန္တရာယ်များလည်း ပို၍ ကြုံရနိုင်ပါသည်။
အမျိုးသမီးများအပေါ် ဆိုးကျိုးသက်ရောက်မှု
အခြေပျက်ရွှေ့ပြောင်းရမှုသည် အမျိုးသမီးများအပေါ်တွင် မတူကွဲပြားစွာ သက်ရောက်မှု

ဆည်တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာသည့် အခြေပျက် ရွှေ့ပြောင်းရမှုများနှင့် ပြန်လည်နေရာချထားမှုများ၏ ဆိုးကျိုး ကို အမျိုးသမီးများက အမျိုးသားများထက် မတူကွဲပြားစွာ ပို၍ နစ်နာခံစားရပါသည်။ မိသားစုများ ပြိုကွဲရခြင်း၊ ကျေးရွာများ နှင့် လူမှုအဖွဲ့အစည်းများ ပြိုကွဲရခြင်းကြောင့် အမျိုးသမီးများအပေါ် ပြင်းထန်စွာ ရိုက်ခတ်မှုရှိစေပြီး မြို့များပေါ်တွင် လစာ ရရှိမည့် အလုပ်ရှာဖွေနိုင်ရန်လည်း မလွယ်ကူကြပါ။ ယောက်ျားသားများက နှိုင်းယှဉ်လျှင် အလုပ်ရရန် လွယ်ကူပါသေး သည်။ အမျိုးသမီးများက အသက်မွေးဝမ်းကြောင်းမှုအတွက် မှီခိုနေကြရသည့် သစ်တောများ၊ အရင်းအမြစ် ပစ္စည်းများနှင့် ဖြတ်တောက်ခံလိုက်ရသောကြောင့်လည်း ရပ်တည်ရေး ပို၍ ခက်ခဲလာပါသည်။ လျှော်ကြေးများ ရရှိသည်ဟုဆိုလျှင်လည်း အိမ်ထောင်ဦးစီးဖြစ်သူ ယောက်ျားများကိုသာ ပေးလျှော်လေ့ရှိကြရာ အမျိုးသမီးများအဖို့ နစ်နာကြရပြန်ပါသည်။
လိင်မှုဆိုင်ရာ အကြမ်းဖက်မှု
မြန်မာအစိုးရ စစ်တပ်များက လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများကို တိုင်းရင်းသားဒေသများရှိ အမျိုးသမီးများအပေါ် ကျူးလွန် ခဲ့ကြပြီး ဤဖြစ်ရပ်များကို အစီရင်ခံစာအများအပြားတွင် မှတ်တမ်းတင်ထားပြီး ဖြစ်ပါသည်။ မြန်မာစစ်အစိုးရ၏ စစ်သားများ ကျူးလွန်ခဲ့ကြသည့် မုဒိမ်းမှုအများစုမှာ စုံစမ်းစစ်ဆေးမှု မရှိသေးဘဲ၊ အပြစ်ကျူးလွန်ထားကြသူများမှာလည်း အရေးယူ အပြစ်ပေးခြင်း မခံရဘဲ လွတ်မြောက်နေကြပါသည်။ ဤသို့ အပြစ်ရှိသူများ အရေးယူမခံရဘဲ လွတ်မြောက်နေခွင့်ရှိသော အနေအထားတွင် ဆည်တည်ဆောက်မည့်နေရာများ၌ လုံခြုံရေးအတွက် စစ်တပ်ဖွဲ့များတိုးချဲ့ချထားလာသည့်အခါ ဒေသခံ အမျိုးသမီးများအတွက် အထူးစိုးရိမ်ပူပန်ဖွယ် ဖြစ်စေပါတော့သည်။ (စစ်တပ်တိုးချဲ့ချထားလာမှု ကို ကြည့်ပါ။)

ဆည်တည်ဆောက်ရာ နေရာများတွင် လိင်ဖျော်ဖြေရေးလုပ်ငန်းများ တိုးလာခြင်း
ဆည်တည်ဆောက်မှုကဲ့သို့သော အကြီးစားဆောက်လုပ်ရေးလုပ်ငန်းများတွင် ပျံကျလုပ်သားများ များပြားစွာရောက်လာပြီး ၎င်းတို့သည် ဖြစ်သလို အခြေချနေထိုင်ကြရပါသည်။ ထို့အပြင် အမျိုးသမီးများအတွက် အလုပ်အကိုင်ရှားပါးခြင်းနှင့် လုပ်ခ နည်းသည့် ပြဿနာလည်း ပူးတွဲတည်ရှိနေရာ လိင်မှုဖျော်ဖြေရေး လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ကြရသည့် အခြေ ဆိုက်စေပါသည်။ ထိုမှတဆင့် လိင်မှုဆိုင်ရာ အကြမ်းဖက်ခံရမှုများ၊ ရောဂါကူးစက်မှုများလည်း ကြုံတွေ့ရနိုင်ပါသည်။ ထိုမျှ မက လိင်ဖျော်ဖြေရေးလုပ်ငန်းတွင် လုပ်နေသောကြောင့် ရပ်ရွာက ပစ်ပယ်ဝိုင်းကျဉ်မှုကိုလည်း ခံရနိုင်ပါသည်။

အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပျက်စီးသွားရခြင်း၊ ရွှေ့ပြောင်းနေထိုင်ကြရခြင်းကြောင့် လူကုန်ကူးရောင်းချခံရရန် အန္တရာယ်ရှိစေခြင်း
ပြောင်းရွှေ့နေရာချထားခံရသည့်သူများသည် နေရာသစ်တွင် အလုပ်အကိုင် ရှာဖွေကြရမည် ဖြစ်ပါသည်။ ယခုအခါ အမျိုး သမီးများကို ခရီးသွားလာခွင့်တင်းကျပ်ထားခြင်းနှင့် သတင်းအချက်အလက်များ အပြည့်အစုံ မရရှိနိုင်ခြင်းကြောင့် သူတို့ ရွှေ့ပြောင်းအခြေချသည့်နေရာတွင် အမျိုးသမီးများအဖို့ လူကုန်ကူးရောင်းချခံရသည့် အန္တရာယ်နှင့် ကြုံရဖွယ် ရှိပါသည်။ ထိုင်းနိုင်ငံရှိ ကချင်အမျိုးသမီးများအသင်း Kachin Women's Association in Thailand ၏ လေ့လာမှုတခုအရ အလုပ် အကိုင် အလွန်အမင်းလိုအပ်နေသော အမျိုးသမီးများသည် လှည့်ဖျားခံကြရပုံများကို တွေ့ရှိခဲ့ကြရပါသည်။ သူတို့ကို တရား ၀င် အလုပ်အကိုင်ရရှိစေမည်ဟု လူကုန်ကူးသူများက လှည့်ဖျားခေါ်ဆောင်သွားကြပြီး၊ အခြားနယ်စပ်တဖက်တွင် ဆန္ဒမပါ ဘဲ လိင်ဖျော်ဖြေရေးလုပ်ငန်း တွင် လုပ်နေကြရသူများ၊ တရုတ်ယောက်ျားများအတွက် ဇနီးမယားအဖြစ် ရောင်းစားခံရမှု များ ကြုံတွေ့ခဲ့ကြရပါသည်။ ဆည်တည်ဆောက်မှု စီမံကိန်းများကြောင့် အလုပ်အကိုင်လိုအပ်နေသည့် အမျိုးသမီးအရေ အတွက် များပြားလာခြင်းနှင့်အတူ အလားတူပြဿနာများလည်း ပို၍ ကြီးထွားလာဖွယ် ရှိနေပါသည်။

ယဉ်ကျေးမှုများ ပျောက်ကွယ်ဆိတ်သုဉ်းရခြင်း

အကယ်၍ ဆည်တည်ဆောက်ပါက အချို့သော ယဉ်ကျေးမှုဆိုင်ရာအရ အရေးပါသည့်နေရာများသည် ရေမြုပ်ဆုံးရှုံးရ တော့မည် ဖြစ်သည်။ ၎င်းနေရာများတွင် သမိုင်းဝင် ဘုရားပုထိုးများနှင့် ဒေသခံပြည်သူများ၏ အိုးအိမ်များ ပါဝင်ပါသည်။ ကရင်နီပြည်နယ်တွင် ကရင်နီလူမျိုးများ၏ ကနဦးဘိုးဘွားများဟု အသိအမှတ်ပြုထားကြသည့်၊ လူဦးရေ ၁,၀၀၀ မျှသာ ကျန်ရှိတော့သော ယင်းတလိုင်းလူမျိုးများသည်လည်း ၀ဲကြီးဆည် တည်ဆောက်မှုကြောင့် လူမျိုးတုန်း ပျောက်ကွယ်သွားရ ဖွယ် ရှိနေပါသည်။

မေခ၊ မလိခမြစ်များဆုံရာ ကချင်ပြည်နယ်၏ ဧရာဝတီမြစ်ဆုံဒေသသည်လည်း ကချင်လူမျိုးများ၏ အသည်းနှလုံးအဖြစ် အလေးအမြတ်ထားသည့်နေရာ ဖြစ်ပါသည်။ ၎င်းသည်လည်း ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်မှုကြောင့် ပျက်စီးဆုံးရှုံး ရတော့မည် ဖြစ်ပါသည်။ ကချင်ပြည်နယ်၏ အဓိက ရိုမင်ကက်သလစ် ဘုရားရှိခိုးကျောင်းသည်လည်း ရေမြုပ်၍ ပျောက် ကွယ်ဆုံးရှုံးရတော့မည် ဖြစ်သည်။

လွန်ခဲ့သည့် နှစ် ၄၀ ကာလက လောပီတရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှုကြောင့် အိုးအိမ်အခြေပျက်ခဲ့ရသည့် ကယန်းလူမျိုးများသည်လည်း အထက်ပိုင်း ပေါင်းလောင်းဆည် တည်ဆောက်မှုကြောင့် ယခုတကြိမ် ထပ်မံ၍ ရွှေ့ပြောင်း ကြရဦးတော့မည် ဖြစ်ပါသည်။ ဆည်တည်ဆောက်မှုအားလုံးသည် လူများ၏ ယဉ်ကျေးမှုဘ၀ကို ထိခိုက်နစ်နာစေပြီး၊ တိုင်း ရင်းသားလူမျိုးများ၏ အသက်မွေးဝမ်းကြောင်း ဘ၀ရပ်တည်မှုကိုလည်း ပျက်ပြားစေပါသည်။ သစ်တောနှင့် လယ်ယာများ ရေနစ်မြုပ်ရခြင်း၊ မြစ်ကြောင်းစီးဆင်းမှုများ ပုံစံပြောင်းလဲသွားခြင်းအားဖြင့် သူတို့၏ ဘ၀များကိုလည်း ပြောင်းလဲသွားစေပါ သည်။ ဒေသခံများ၏ ဗဟုသုတ အသိကျွမ်းကျင်မှုများသည်လည်း အသုံးမ၀င် ဖြစ်ကြရပြီး၊ ဥပမာအားဖြင့် ဆည်တည် ဆောက်ပြီးနောက်ပိုင်းတွင် ဓလေ့ထုံးစံအရ သုံးလာကြသည့် ငါးဖမ်းကိရိယာများသည်လည်း အသုံးမ၀င်တော့ဘဲ ဖြစ်သွား နိုင်ပါသည်

မြန်မာနိုင်ငံ၏ မြစ်များနှင့် ပတ်သက်သည့်ဥပဒေ

မြန်မာနိုင်ငံ၏ မြစ်များနှင့် ပတ်သက်သည့်ဥပဒေ

ရေကာတာများ နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု





ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 05 ရက်၊ 2011

VOA | Burmese
By ဦးကျော်ဇံသာ

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် က မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို ရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်း စိုးရိမ်စရာရှိနေသေးတဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ပါမောက္ခအငြိမ်းစား ဦးညွှန့်မောင်၊ ဒေါက်တာဒေါ်လှကျော်ဇော တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြစ်ဆုံမှာ ရေကာတာတည်ဆောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ဒီလုပ်ဆောင်မှုကို ရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။ ဒီကိစ္စကို လူတော်တော်များများက ကြိုဆိုသင့်တယ်လို့ ပြောဆိုကြပါတယ်။ ဆရာတို့လည်း ကြိုဆိုလိမ့်မယ်လို့ ထင်ပါတယ်။ ဆိုတော့ ဒီလောက်ရပ်ထားလိုက်တာနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်ပြားမှု အတော်လေးသက်သာသွားပြီးလို့ ဆိုနိုင်ပါသလား။ ရှေ့ ဆက်ပြီး ဘာတွေကြည့်ရမလဲ။ ကျန်တဲ့ ရေကာတာအသေးတွေတော့ ဆောက်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

ဦးညွှန့်မောင် ။ ။ ကျနော်အနေနဲ့ကတော့ မြစ်ဆုံကို မဆောက်တော့ဘူးလို့ သမ္မတကြီးရဲ့  ဆုံးဖြတ်ချက်ကို ဝမ်းမြောက်ဝမ်းသား ကြိုဆိုပါတယ်။ မြစ်ဆုံတခု မဆောက်တော့ပေမယ့် တခြားနေရာတွေ လုပ်လို့ရှိရင် ဖြစ်လာမယ့် impact တွေကလည်း ရှိပါသေးတယ်။ ပတ်ဝန်းကျင် ethnic အရ လူ့ကျင့်ဝတ်အရ ဒေသခံတွေက တစုံတခုသော အကျိုးအမြတ်ကို ရရှိရမှာဖြစ်ပါတယ်။ အဲဒါကို ကျနော်တို့ ခေါ်တာကတော့ benefit sharing လို့ ခေါ်ပါတယ်။ အဲဒါကြောင့် လျှပ်စစ်ရောင်းချလို့ရတဲ့ ငွေထဲက တစုံတခုသောရာခိုင်နှုန်းကို ဒေသခံများအတွက် လူမှုစီးပွားရေး ရန်ပုံငွေ socioeconomic fund အဖြစ် စုဆောင်းထားပြီးတော့ အဲဒီ ကချင်ဒေသမှာ လူမှု့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအမံတွေနဲ့ ဆောင်ရွက်သင့်ပါတယ်လို့ ကျနော်ကတော့ အကြံဥာဏ်ပေးချင်ပါတယ်။ ပြီးတော့ ကျနော်တို့က အခုဟာကတော့ CPI ကလည်း ပြောသွားပါတယ်။ သူတို့က အနှစ် (၅၀) ဒါကိုပြီးမှ မြန်မာနိုင်ငံကို လွှဲခဲ့မှာဆိုတော့ အနှစ် (၅၀) ဆိုရင် dam တခုရဲ့  သက်တမ်းဟာ ကုန်ပြီလို့ နားလည်းပါတယ်။ အဲဒါ ဒီကော်မရှင်လုပ်ရမှာ ဖြစ်နေတယ်။ အဲဒါကြောင့် ဒီဟာကိုလည်း ပြန်လည် စမ်းစစ်ဖို့ လိုပါလိမ့်မယ်။ မြစ်ဆုံ dam မဆောက်လိုက်တဲ့အတွက် မြစ်ဆုံ dam က ထွက်မယ့် လျှပ်စစ်က မီဂါဝက် - ကျနော်တို့တုန်းက ပြောထားတာကတော့ လေးထောင်တစ်ရာ လို့ ပြောထားတယ်။ အခုတော့ ခြောက်ထောင်လို့ ပြောကြတယ်။ အဲဒီဟာကို မရတော့ဘူး ထားပါတော့။ ဟိုဘက်က ကျန်တဲ့ ဆည် ခြောက်ခုကနေ ရမယ့် လျှပ်စစ်တွေက ရှိပါသေးတယ်။ အဲဒီ လျှပ်စစ်ကို ရောင်းတဲ့အခါမှာ အဲဒီ dam တွေကလည်း သက်တမ်း (၅၀) ဆိုလို့ရှိရင် ဒါကို ဒီ (၅၀) ကတော့ မဖြစ်သင့်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်နိုင်ငံက လာအိုမှာ ဆောက်တဲ့ dam ဆို အနှစ် (၃၀) ယူတယ်လို့ သိရပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု နိုင်ငံတွေအတော်တော်များများမှာ တိုင်းပြည်တွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ စွမ်းအင်တွေရရှိဖို့ သဘာဝအရင်းအမြစ်တွေကို စတေးရတဲ့ကိစ္စ ဒီနှစ်ခုဟာ ပြဿနာအဖြစ် အငြင်းပွားစရာအဖြစ် ရှိနေတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ အရှိန်အဟုန် အပြင်းထန်ဆုံးနဲ့ ကမ္ဘာပေါ်မှာ စီးပွားရေးတိုးတက်လာတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံမှာ စီးပွားရေးတိုးတက်ဖို့အတွက် သဘာဝအရင်းအမြစ်တွေကို စတေးရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြဿနာဘယ်လောက်အထိ ကြီးကြီးမားမား ဖြစ်ခဲ့ဘူးပါသလဲ။

ဒေါ်လှကျော်ဇော ။ ။ သဘာဝပတ်ဝန်းကျင် ပြဿနာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့က ပဋိပက္ခတစုံဖြစ်တယ်။ အဲဒီ ပဋိပက္ခကို ဆက်စပ်ပြီးတော့ ဖြေရှင်းကြရတာပဲ။ ဘယ်ဟာက ပိုကောင်းမလဲဆိုတာပေါ့။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမများဘဲနဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် ကြံဆကြရတာပဲ။ အဲဒီတော့ တရုတ်ပြည်မှာလည်း ပြဿနာတွေ အများကြီး ဖြစ်ပါတယ်။ ဟိုတလောတုန်းက Sichuan မြေငလျင်ကြီး လှုပ်တာတောင်မှ မြစ်ကျဉ်း (၃) သွယ်မှာ ရေကာတာကြီး ဆောက်လို့ဖြစ်တယ်ဆိုပြီး သဘာဝပတ်ဝန်းကျင်သမားတွေက တော်တော်ပဲ ပြောကြဆိုကြပါသေးတယ်။ အစိုးရကိုယ်တိုင် ရှင်းရလင်းရတာတွေ ရှိပါတယ်။ အဲဒီတော့ တရုတ်ပြည်မှာလည်း ပြဿနာတွေ အများကြီးပါ။ ဟိုတလောတုန်းက မြေပြိုပြီး လူတွေတော်တော်သေကြတယ်။ အဲဒါလည်း မြစ်တလျှောက်မှာ ဆည်တွေဆောက်တာ သိပ်များသွားလို့ မြေတွေပြိုတယ်ဆိုပြီ ပြဿနာဖြစ်ပါတယ်။ အဲဒီတော့ တရုတ်ပြည်မှာလည်း ပြဿနာတွေ တော်တော်များများ ဖြစ်နေတာ ကြားရပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုန ဒေါ်လှကျော်ဇော ပြောတဲ့ မြစ်ကျဉ်း (၃) သွယ် ရေကာတာကြီးနဲ့ ပတ်သက်ပြီးတော့ အခုအခါမှာ အဲဒီ ရေကာတာ တည်ဆောက်ခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ပိုင်ကတောင် ပြန်ပြီးစဉ်းစားသင့်တယ်။ နောင်တရတဲ့ သတင်းတွေ ထွက်နေတာကို ကြားသိရပါတယ်။ အဲဒါ ဘယ်လောက်မှန်ပါသလဲ။

ဒေါ်လှကျော်ဇော ။ ။ တရုတ် အစိုးရဘက်ကတော့ ဒါတွေက မဟုတ်ပါဘူးလို့ ပြန်ဖြေရှင်းတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက တရုတ်အစိုးရကို အပြစ်တင်နေတာပါ။ တရုတ်အစိုးရကို အခုနပြောသလို ပြန်လည်ပြီးတော့ စဉ်းစားကြဖို့၊ ဘာတို့ဆိုပြီး အပြန်အလှန် အင်တာနက်ထဲမှာ ဆွေးနွေးနေကြတာ။ အဲဒါတော့ ရှိတယ်။ ဒါပေမဲ့ အစိုးရဘက်ကတော့ ခိုင်ခိုင်မာမာ ရပ်တည်နေတာက သူတို့လုပ်ဆောင်ချက်က မှန်ပါတယ်ဆိုတဲ့အကြောင်း။ ရေရှည်တိုင်းပြည်အတွက် အကျိုးရှိတယ်ဆိုတဲ့အကြောင်း အဲဒါတွေ ပြောနေတယ်။ အခုလည်း မနေကထင်တယ် တွေ့လိုက်တယ်။ သူတို့ တောင်ပိုင်းကရေတွေကို မြောက်ပိုင်းရွှေ့ တဲ့ကိစ္စမှာလည်း သူတို့ ဒီလိုပဲ ဆက်လုပ်နေတာပဲ။ သဘာဝပတ်ဝန်းကျင်သမားတွေကလည်း ပြောနေတာပဲ။ လုပ်တဲ့လူကလည်း လုပ်နေတာပဲ။ သိန်းနဲ့ချီပြီး လူတွေကို ရွှေ့ ပြောင်းနေတာပဲ။ တောင်ပိုင်းကရေကို မြောက်ပိုင်းရွှေ့ တယ်ဆိုပြီး တူးမြောင်းတွေ ဖောက်နေတာ။ အဲဒီလမ်းမှာရှိတဲ့ လူတွေကို အကုန်လုံး နေရာဒေသပြောင်းပြီး၊ ရွှေ့ ပြီး relocate လုပ်ကြတယ်။ အဲဒီကိစ္စတွေ တယ်လီဗေးရှင်းမှာ ပြနေတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ တရုတ်နိုင်ငံဟာ သူတို့နိုင်ငံမှာ ဒီလို ပြဿနာတွေရှိရသားနဲ့ ဗမာနိုင်ငံမှာလာပြီး ဧရာဝတီမြစ်ဆုံမှာ ရေကာတာကြီးတည်ဆောက်ဖို့ လုပ်တာက သူတို့ပြဿနာကို ဒီဘက် သက်သက်ပို့နေသလိုပဲ။ ဗမာပြည်ဘက်က နစ်နာတာကို မငဲ့ကွက်ဘူး။ ကိုယ်ချင်မစာ လုပ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက ပြောဆိုကြပါတယ်။

ဒေါ်လှကျော်ဇော ။ ။ တရုတ်ကိုတော့ ဒီလိုပဲ ဝိုင်းစွပ်စွဲနေကြတယ်လေ။ အာဖရိကတိုက်မှာလည်း ဒီလိုပဲ အပြောခံနေရတာပဲ။ အဲဒီတော့ အပြောအဆိုတော့ ခံရမှာပဲ။ တရုတ်ကလည်း သူ့နိုင်ငံကနေ အပြင်ထွက်ပြီး အဲဒီ ရင်းနှီးမြုပ်နှံမှုလုပ်တဲ့ ကုမ္မဏီတွေကိုတော့ သေသေချာချာ တောင်းဆိုတာပဲ။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ထိန်းသိမ်းဖို့။ အဲဒီနိုင်ငံရဲ့  တရားဥပဒေကို စောင့်ရှောက်ဖို့ ဘာဖို့ညာဖို့ သူပြောနေတာပဲ။ ဒါပေမဲ့ သူ့နိုင်ငံမှာတောင် သူမနိုင်ပါဘူး။ သူ့နိုင်ငံမှာလည်း တချို့  လုပ်ငန်းရှင်တွေက လုပ်ချင်ရာလုပ်တာပဲ။

ဦးကျော်ဇံသာ ။ ။ ဆရာဦးညိုမောင် … ဒေါ်လှကျော်ဇော ပြောအရဆိုရင်တော့ သူတို့ဆီမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အများကြီး သတိထားဆောင်ရွက်ကြတယ်။ အဓိက ပြဿနာဖြစ်နေတယ်လို့ ဆိုပါတယ်။

ဦးညွှန့်မောင် ။ ။ ဒါကတော့ ဒီလိုရှိပါတယ်။ တရုတ်နိုင်ငံအနေနဲ့က သူတို့ရဲ့  going out strategy ခေါ်တဲ့ သံယံဇာတ ကို ပြင်ပထွက်ရှာတဲ့ဟာကို တရုတ်အစိုးရ အားပေးနေတဲ့အချိန်။ တရုတ်ကုမ္မဏီတွေကလည်း သဘာဝသံယံဇာတတွေကို တိုင်းပြည်ပြင်ပထွက်ပြီး ရှာတဲ့အချိန်နဲ့ ကျနော်တို့ကလည်း သဘာဝသံယံဇာတဖြစ်တဲ့ ကျနော်တို့ဆီကထွက်မယ့် လျှပ်စစ်ကို စီးပွားရေးအရ ရောင်းမယ်ဆိုတဲ့ idea ဖြစ်နေတဲ့အချိန်နဲ့ လာတိုက်ဆိုင်တယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ကျနော်ကြားဘူးတာက တရုတ်နဲ့ မြန်မာဆိုတာ နယ်ချင်းကပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ။ အဲဒီတော့ သဘာဝပတ်ဝန်းကျင် ယိုးယွင်းပျက်စီးမှုဆိုတာ နယ်ခြားမရှိဘူး။ ဒီဘက်နယ်စပ်မှာပဲ မိုးခေါင်ပါစေ။ သစ်တောတွေပြုန်းတီးလို့ ငါတို့နဲ့ ဘာမှမဆိုင်ဘူးလို့ အဲဒီလို့ ပစ်ထားလို့ မရဘူး။ တနေရာမှာဖြစ်ရင် အကုန်လုံး ဝိုင်းပြီးဖြစ်တာပဲဆိုတဲ့ အယူအဆမျိုး ကြားဘူးပါတယ်။ တရုတ်တွေက ဒါကို သတိမထားဘူးလား။

ဦးညွှန့်မောင် ။ ။ ဒါက ကျနော်တို့ ပတ်ဝန်းကျင် သိပ္ပံပညာမှာ သီအိုရီအရ ရှိပြီးသာဖြစ်တဲ့အတွက် တရုတ်ပညာရှင်တွေ ဒါကို သိလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ တရုတ်ပညာရှင်တွေက ဆရာတို့နဲ့ မြစ်ဆုံကိစ္စတုန်းက သူတို့လည်း ပါတာပဲ။ သူတို့က ဘာဖြစ်လို့ ဆက်လုပ်ဖို့ စဉ်းစားသလဲ။ စီးပွားရေးသမားတွေက ထားပါတော့။

ဦးညွှန့်မောင် ။ ။ အမြင် opinion တွေက တယောက်နဲ့တယောက် မတူနိုင်ပါဘူး။ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို စဉ်းစားတဲ့အခါမှာ လူတဦးချင်းရဲ့  ခံစားချက် feeling မတူရင်လည်း မတူနိုင်ပါဘူး။ နောက်ပြီးတော့ believe ယုံကြည်မှု။ ယုံကြည်မှု မတူရင်လည်း မတူနိုင်ပါဘူး။ နောက်တခုက မြတ်နိုးတန်းဖိုးထားမှု value မတူရင်လည်း မတူနိုင်ပါဘူး။ နောက်တခုကတော့ အကျိုးစီးပွား interest မတူလို့ရှိရင်လည်း မတူနိုင်ပါဘူး။ နောက် ပညာဥာဏ်ရည်လို့ခေါ်တဲ့ intellect မတူလို့ရှိရင်လည်း အမြင်တွေက မတူနိုင်ပါဘူး။ အဲဒီတော့ တရုတ်ပညာရှင်တွေနဲ့ ကျနော်တို့ ပညာရှင်တွေနဲ့ မတူနိုင်တာက ဘာလဲဆိုရင် သူတို့က ကျနော်တို့လို့ ခံစားချက်ရှိမှာ မဟုတ်ဘူး။ ဒါကို ကျနော် အရမ်းပြောတာ မဟုတ်ပါဘူး။ မြစ်ဆုံနားကို လေ့လာစဉ်မှာ ကျနော်ကပြောပါတယ်။ ကျနော်က မြစ်ဆုံကမ်းမှာရှိတဲ့ ဘုရားကို ငေးပြီး ကျနော့်ဘေးမှာရှိတဲ့ တရုတ်ပညာရှင်ကို ပြောပါတယ်။ ဒီ ဘုရားရေမြုပ်တဲ့အထဲ ပါသွားမှာလို့ ပြောတဲ့အခါ သူက ဘာပြောသလဲဆိုရင် - ငါတို့ မင်းတို့ဘုရားကို ပြန်ဆောက်ပေးမှာပါ။ မင်း မပူပါနဲ့။ အဲဒီဟာကို ကျနော် ဘာသိလိုက်လည်းဆိုရင် ကျနော်တို့ရဲ့  cultural value ကို သူက ဘယ်လိုမှ မခံစားနိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုရင် သူက ဗမာမှ မဟုတ်တာ။ နောက်ပြီးတော့ ကျနော်တို့က ဘုရားအပေါ်မှာ ယုံကြည်မှု ရှိပေမယ်လို့ သူတို့က ဘယ်ယုံကြည်မှု ရှိပါမလဲ။ သူတို့က ဘာသာတရားမှ မရှိဘဲနဲ့။ နောက်ပိုင်း သိရတာက သူတို့မှာ religion မရှိဘူးဆိုတာကို သိရပါတယ်။ အဲဒါကြောင့် ကျနော်တို့ တန်းဖိုးထားမှု၊ ယုံကြည်မှု၊ ခံစားချက်၊ ဘယ်လိုအကျိုးစီးပွားရမယ်ဆိုတာ ကျနော်တို့ မျှော်မှန်းချက်နဲ့ သူတို့ မျှော်မှန်းချက် မတူတဲ့အခါကြတော့ အမြင်တွေ မတူတာလို့ ဒီလိုပဲ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒေါ်လှကျော်ဇော - တရုတ်နိုင်ငံသမိုင်းထဲမှာ ဘာတွေ့ရသလဲဆိုတော့ တရုတ်နိုင်ငံမှာ နိုင်ငံရေးနဲ့ မြစ်ကြောင်းထိန်းသိမ်းရေးဟာ အတော်လေး ဆက်စပ်နေပါတယ်။ မြစ်ဝါမြစ်ဝှမ်းမှာ တည်ဆောက်ခဲ့တဲ့ ယဉ်ကျေးမှု။ မြစ်ဝါမြစ် ရေလျှံတဲ့အခါမှာ ယဉ်ကျေးမှုပျက်သွားတယ်။ အဲဒီအခါမှာ ကောင်ကင်က Mandate of Heaven ကို ရုတ်သိမ်းသွားပြီ။ အဲဒီမှာ အစိုးရကို တော်လှန်ပုန်ကန်ခွင့်ရှိတယ်။ Rights of Revolution ဆိုတာ စပေါ်ခဲ့တယ်။ အဲဒီတော့ မြစ်ကြောင်းကို ပြန်လည်ထိန်းသိမ်းနိုင်သူဟာ ဘုရင်ပြန်ဖြစ်လာတယ်။ မင်းဆက်သစ်တခု လွန်လာတယ်။ အဲဒီလို dynastic circle လို့ ခေါ်တာပေါ့။ အဲဒီလို နိုင်ငံရေးအားဖြင့် မြစ်ကြောင်းကို ထိန်းသိမ်းနိုင်မှုဟာ အစိုးရရဲ့  စွမ်းရည်တရပ်လို့ တရုတ်သမိုင်းမှာအဖြစ် သတ်မှတ်ခဲ့တာရှိပါတယ်။ အဲဒီအစဉ်အလာရဲ့  လွမ်းမိုးမှု ကျန်သေးတယ်ဆိုရင် မှန်ပါသလား။

ဒေါ်လှကျော်ဇော ။ ။ သူတို့ကတော့ သဘာဝပတ်ဝန်းကျင် သူတို့နိုင်ငံအတွက် တော်တော်ဂရုစိုက်တာပဲ။ လုပ်ပါတယ်။ အခုန မြစ်ကြောင်းထိန်းသိမ်းရေးတွေ ဘာတွေလည်း အများကြီးလုပ်ပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာသူတို့လည်း သိပ်မနိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်က သိတဲ့အတိုင်းပဲ အရင်းရှင်စနစ်နဲ့ ပူးတွဲပြီး အရင်းရှင်စနစ်ကို ချော့ပြီး၊ လုပ်ငန်းရှင်တွေကို ချော့ပြီး လုပ်ကိုင်လည်ပတ်နေရတဲ့ ဘဝဖြစ်နေတယ်။ သူ့အနေနဲ့က အရင်းရှင်စနစ်၊ လုပ်ငန်းရှင်တွေ ကောင်းကောင်းလည်ပတ်နိုင်မှသာ သူ့တိုင်းပြည်ရဲ့  အလုပ်လက်မဲ့ပြဿတို့၊ ဘာတို့ညာတို့ကို ဖြေရှင်းနိုင်မှာ။ အဲဒီအခါကြတော့ ဒီလုပ်ငန်းရှင်တွေကို တော်တော် မျက်နှာပေး ဆက်ဆံနေရတာတွေ ရှိတယ်။ ချော့ပေါင်းနေရတာပေါ့။ လုပ်ငန်းရှင်ဆိုတာကလည်း သူ့ရင်းနှီးမြုပ်နှံထားရင် ဒီဟာက အကျိုးအမြတ်ရဖို့အတွက်ပဲ စဉ်းစားတာကို။ ဒီကြားထဲ ဒေသဆိုင်ရာ အရာရှိတွေထဲက အကျင့်ပျက်တဲ့လူ၊ လာဘ်ယူတဲ့လူတွေနဲ့ ပေါင်းပြီးတော့ လုပ်ချင်တာတွေ လုပ်နေတာ သူတို့မှာလည်း ပြဿနာတွေ အများကြီး ရှိနေပါတယ်။

ဒီရေရောက် လမုတောများ ဆုံးရှုံးရခြင်း

အဖျက်အင်အားကြီးမားသော နာဂစ်ဆိုက်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁၄၀,၀၀၀ ကျော် အသက်ဆုံးရှုံးရပြီး၊ သို့မဟုတ် အများအပြား ပျောက်ဆုံး သွားခဲ့ကြရခြင်း၊ ၂၀၀၄ ခုနှစ်တွင် ဆူနာမီ ရေလှိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ ကြရခြင်းကြောင့် ဒီရေရောက်လမုတောများ အရေးပါပုံကို ကမ္ဘာက အသိအမှတ်ပြုမိလာကြသည်။ ၎င်းလမုတောများ သည် ဒီရေရုတ်တရက်မြင့်တက်လာမှုကြောင့် သေကြေပျက်စီးရမှုကို ကာကွယ်ပေးပြီး လျော့နည်းကျဆင်းစေသည်။ လမု တောများသည် မုန်တိုင်းကြောင့် ဖြစ်လာသည့် ဒီရေရုတ်တရက်မြင့်တက်ခြင်းကို ကာကွယ်ပေးထားသည့် သဘာဝ အတား အဆီးဖြစ်ပြီး လူများ၏ နေအိမ်များကို ကာကွယ်ပေးသည်။ ကမ်းခြေအတွင်းပိုင်းရှိ လယ်ယာမြေများ၏ ထုတ်လုပ်မှုကို လည်း တိုးတက်စေသည်။

ဆိုက်ကလုန်း မုန်တိုင်းများနှင့် ရေလှိုင်းဒဏ်မှ ကာကွယ်မှုပေးရုံသာမက လမုတောများက မြစ်ရေများက သယ်ဆောင်လာ ကြသည့် မြေဆီအာဟာရများကိုလည်း အနယ်ထိုင်စေ၍ ပြန်လည်သန့်စင်ပေးသည်။ ၎င်းသည် မြစ်ဝကျွန်းပေါ်ဒေသ ဂေဟစနစ်တွင် ထူးခြားအရေးပါသည့် ကဏ္ဍမှနေ၍ တာဝန်ယူ ဆောင်ရွက်ပေးလျှက် ရှိသည်။ ကမ္ဘာ့ သဘာဝတောရိုင်း များ ထိန်းသိမ်းစောင့်ရှောက်ရေး သမဂ္ဂ (IUCN) ၏ အဆိုအရ လမုတောများရှိသည့် ပင်လယ်နှင့်ဆုံရာ မြစ်ဝများသည် လမုတော မရှိသည့် ကမ်းခြေမြစ်ဝများထက် ထုတ်လုပ်နိုင်မှုစွမ်းအား ၄-၅ ဆမျှ ပို၍ များသည်ဟု ဆိုသည်။ လမုတောများ သည် ဇီဝသတ္တသဘောအရ ကြွယ်ဝစွာရှိနေခြင်းကြောင့်လည်း ပို၍ အလေးထားကြသည်။

ဝါရှင်တန်အခြေစိုက် ဒီရေရောက် လမုတောများဆိုင်ရာ လှုပ်ရှားမှု စီမံချက် (Mangrove Action Project) အဖွဲ့၏ အဆို အရ မြန်မာနိုင်ငံရှိ သုတေသနပြုသူများက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဒီရေရောက်လမုတောများ၏ ၈၂. ၇၆% မှာ ၁၉၂၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ဆုံးရှုံးပျက်စီးခဲ့ရသည်ဟု လေ့လာတွေ့ရှိကြောင်း ဆိုကြသည်။ ဤအခြေအနေမှာ ကမ္ဘာ တခုလုံးတွင် ဒီရေရောက်လမုတောများ ဆုံးရှုံးလာနေခြင်းနှင့် ပတ်သက်၍ သတိပေးလှုံ့ဆော်နေမှုနှင့်လည်း ကိုက်ညီနေ သည်။ လူများ တိုးချဲ့နေထိုင်လာကြခြင်း၊ လမုတောများကို မီးသွေးဖုတ်ရန်၊ ထင်းအဖြစ်သုံးရန် ခုတ်ကြခြင်း၊ ပုဇွန်ကန်များ တည်ဆောက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ဒီရေရောက်တောများ ဆုံးရှုံးပျက်စီးနေကြရသည်။ အများအားဖြင့် ဧရာဝတီမြစ် ၀ကျွန်းပေါ်ဒေသ၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ ကမ်းရိုးတန်းဒေသများတွင် ပျက်စီးဆုံးရှုံးနေကြရခြင်း ဖြစ်သည်။

ဒီရေရောက်လမုတောများသည် ဆားငန်ရေမဟုတ်သော မြစ်မှစီးဆင်းလာသည့် ရေချိုကိုသာ မှီဝဲသောကြောင့် ရေချိုရရှိမှု ပမာဏ ၎င်းအပင်များ၏ အမြစ်များတွင် လျှော့နည်းလာသည်နှင့်အမျှ လမုတောများ ခြောက်သွေ့လာကြမည် ဖြစ်သည်။ ထို့အပြင် ဆားငန်ရေများ တိုး၍၀င်လာကြသောကြောင့်၊ မြေများ တိုက်စားဆုံးရှုံးရမှုကြောင့်လည်း ထပ်၍ ပျက်စီးဆုံးရှုံးရ ဖွယ်ရှိသည်။

မြန်မာနိုင်ငံ၏ ဒီရေရောက်လမုတောများအကြောင်း ပိုမိုသိရှိလိုပါက အောက်ပါ အင်တာနက်စာမျက်နှာတွင် ကြည့်ရှုနိုင်သည်။ http://www.worldwildlife.org

သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများ

ဇီဝသတ္တ မျိုးကွဲများ စုံလင်စွာ တည်ရှိမှု | သစ်တောများ | ငါးဖမ်းလုပ်ငန်းများ | ရေစီးဆင်းမှု

ဆည်တည်ဆောက်မှုကြောင့် ဇီဝသတ္တ မျိုးကွဲများ စုံလင်စွာ တည်ရှိမှုကို ထိခိုက်ခြင်း၊ တံငါငါးဖမ်းလုပ်ငန်းများ၏ ရပ်တည်မှု ကို ထိခိုက်ခြင်း၊ သစ်တောများ၊ ရေစီးဆင်းမှု (မြစ်ကြောင်းစီးဆင်းမှု) များကို ပြောင်းလဲသက်ရောက်စေပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ မြစ်များအဖွဲ့ (International Rivers) က ခန့်မှန်းဖော်ပြရာတွင် ဆည်တည်ဆောက်မှုများကြောင့် ဖန်လုံအိမ် အာဏိသင်ဓါတ်ငွေ့များ ထွက်စေကာ ကမ္ဘာကြီးပူနွေးစေမှုကို ၄၀% အထိ ဆိုးကျိုးသက်ရောက်စေသည်ဟု ဆိုပါသည်။ ဆည်တည်ဆောက်၍ ဖြစ်လာသော သစ်ပင် အရွက်များ ပုတ်သိုးဆွေးမြေ့မှုကြောင့် ဖန်လုံအိမ်အာဏိသင် ဓါတ်ငွေ့များ ထွက်လာစေခြင်း ဖြစ်ပါသည်။

ဇီဝသတ္တ မျိုးကွဲများ စုံလင်စွာ တည်ရှိမှု

မြန်မာနိုင်ငံတွင် ဆည်များတည်ဆောက်မည့်ဒေသများသည် ကမ္ဘာက ဇီဝသတ္တမျိုးကွဲ စုံလင်ထွေပြားမှုအတွက် တန်ဖိုးထား နေကြရသော နေရာများဖြစ်ပြီး၊ စနစ်တကျ သုတေသနပြု လေ့လာရခြင်းလည်း မရှိသေးပါ။ ဆည်ရေလွှမ်းမိုးမှုကြောင့် ဤသို့တန်ဖိုးရှိသည့် ဇီဝသတ္တမျိုးကွဲများ ဆုံးရှုံးကြရမည် ဖြစ်ပြီး၊ လူများ ပြောင်းရွှေ့အခြေချရမှုကြောင့်လည်း ကျန်ရှိနေ သည့် တောကောင်များ မှီခိုနေထိုင်ရာနေရာများကို ဆိုးကျိုးဖိစီးမှု သက်ရောက်စေမည် ဖြစ်ပါသည်။ မြစ်များကိုယ်၌သည် ပင်လျှင် မျိုးစုံလှသည့် ဇီဝသတ္တများကို ထိန်းသိမ်းပေးထားရာ နေရာ ဖြစ်ပါသည်။ ဥပမာအားဖြင့်-သံလွင်မြစ်တွင် ငါးမျိုး ပေါင်း ၁၄၃ မျိုး ရှိနေပြီး၊ ၎င်းတို့အနက် ၄၇ မျိုးမှာ ရှားပါးမျိုးစိတ်များ ဖြစ်ပါသည်။

တည်ဆောက်ရန် လျာထားသည့် ဧရာဝတီမြစ်/ မေခ/ မလိခမြစ်ဆည်များ သည် ကမ္ဘာ၏ အရေးအပါဆုံး ဇီဝသတ္တမျိုးကွဲ များ စုံလင်ထွေပြားရာဖြစ်သည့် အရေးအပါဆုံးနေရာတွင် တည်ရှိနေပါသည်။ ကမ္ဘာကြီး၏ ဇီဝသတ္တမျိုးကွဲ အစုံလင်ဆုံး နေရာ ၂-ခုကြား (အိန္ဒိယ-မြန်မာဒေသနှင့် တရုတ်နိုင်ငံ အလယ်-တောင်ပိုင်းဒေသ) တွင် တည်ရှိနေပြီး၊ ခြိမ်းခြောက်မှု အထူးကြုံတွေ့နေရသည့် ကမ္ဘာကြီး၏ ဂေဟဗေဒစနစ်အရ အရေးပါ သည့်နေရာတွင် ရှိနေပါသည်။ ဤဒေသများတွင် အနည်းဆုံး အပင်မျိုးစိတ်ပေါင်း ၁,၅၀၀ ကျော်တည်ရှိနေပြီး၊ ရှားပါးမျိုးနွယ်အများစု၏ ၇၀% သည် ဤဒေသကို အခြေခံ၍ မူလ ပေါက်ဖွားသော မျိုးစိတ်များ ဖြစ်ကြပါသည်။ အထူးရှားပါးနေပြီဖြစ်သော ဧရာဝတီ ရေချိုလင်းပိုင်ငါးကြီးများ (Orcaella brevirostris) သည်လည်း ဆည်တည်ဆောက်မှုကြောင့် မျိုးတုန်း ပျောက်ကွယ်သွားရနိုင်ပါသည်။ ၎င်းရေချို လင်းပိုင်ငါးများသည် ကမ္ဘာပေါ်တွင် ရှားပါးနေပြီဖြစ်သည့် ရေချိုလင်းပိုင်ငါးကြီး ၄ မျိုးအနက် တမျိုးဖြစ်ပါသည်။

ဝဲကြီးဆည်ဟတ်ကြီးဆည် နှင့် ဒါးကွင်းဆည် တည်ဆောက်မှုကြောင့် ရေလွှမ်းမိုးခံရမည့် ကရင်ပြည်နယ်နှင့် ကရင်နီပြည် နယ် မုတ်သုန်သစ်တော ဒေသများကို ကမ္ဘာကပင် ဇီဝသတ္တမျိုးကွဲစုံလင်လှသည့် ဒေသဟု အသိအမှတ်ပြုထားကြရပါ သည်။ ၂၀၀၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ခိုးကေ လေ့လာမှု (Khoe Kay study) အရ ၀ဲကြီးဆည်တည်ဆောက်မည့် သံလွင် မြစ်အနီး၌ အပင်မျိုးစိတ်ပေါင်း ၁၉၄ ခုနှင့် တိရိစ္ဆာန်အမျိုးပေါင်း ၂၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ၎င်းတို့အနက် တွင် ရှားပါးမျိုးတုန်းတော့မည့် တိရိစ္ဆာန်အမျိုးပေါင်း ၄၂ မျိုးလည်း ပါဝင်ပါသည်။ အခြားရှားပါး ပျောက်ကွယ်နိုင်သည့် မျိုး စိတ်မည်မျှ ရှိသည်ကို မသိနိုင်ပါ။

ထမံသီဆည် တည်ဆောက်မှုကြောင့်လည်း ကမ္ဘာပေါ်တွင် ရှားပါးနို့တိုက်သတ္တ၀ါကြီးများ နေထိုင်ရာသစ်တောများသည် လည်း ရေလွှမ်းမိုးနစ်မြုပ်သွားတော့မည် ဖြစ်ပါသည်။ ယခုအခါ တကမ္ဘာလုံး၌ ရှားပါးနေပြီဖြစ်သည့် နို့တိုက်သတ္တ၀ါများ ဖြစ်သော Panthera tigris ကျားများ၊ Elephus maximus ဆင်များ၊ မြန်မာနိုင်ငံတွင် အတွေ့ရများသည့် အခွံမာ Kachuga travittata လိပ်များ ပါဝင်ပါသည်။ အခြားနေရာ များတွင် မည်သည့်နေရာ၌ တွေ့ရှိနိုင်မည်ကို မသိကြရသော် လည်း ဤနေရာများမှ အပြီးတိုင် ပျောက်ကွယ်ဆုံးရှုံးကြရတော့မည် ဖြစ်ပါသည်။

ဆည်ကြီးများ တည်ဆောက်မှုကြောင့် ဂေဟဗေဒစနစ်၏ တည်မြဲနေမှုကို ထိခိုက်ပျက်စီးစေပါသည်။ မြစ်ကြောင်း၏ ဂေဟ ဗေဒစနစ်ကိုလည်း အစိတ်စိတ် အပိုင်းပိုင်းအဖြစ် ပြိုကွဲစေပါသည်။ ဆည်၏ အထက်ဖက်နှင့် အောက်ဖက်တွင် နေထိုင်ကြ သည့် တိရိစ္ဆာန်မျိုးစိတ်များကိုလည်း ပိုင်းခြားလိုက်သည့်နှယ် ရှိစေပါသည်။ ပြောင်းရွှေ့သားပေါက်ရာ ငါးများ၊ တိရိစ္ဆာန်မျိုး စိတ်များကို၏ ခရီးသွားလာမှုကိုလည်း အနှောက်အယှက်ဖြစ်စေပြီး မျိုးရိုးဗီဇအစုကို လျှော့စေပါသည်။ ဆည်များကြောင့် မြစ်အထက်ပိုင်းရှိ စားကျက်ခိုလှုံရာများကို ရေနစ်မြုပ်စေပြီး၊ မြစ်အောက်ပိုင်းတွင် ရာသီအလိုက် သဘာဝရေစီးဆင်းမှု၊ မြစ်ကြောင်းများကို ပြောင်းလဲစေပါသည်။ မြစ်အောက်ပိုင်းရှိ သဘာဝအရ မြေဆီနုံးတင်မှုကိုလည်း ပြောင်းလဲထိခိုက်စေပါ သည်။ ထို့အပြင် ဆည်များကြောင့် ငါးများပြောင်းရွှေ့သားပေါက်ရာ လမ်းကြောင်းကို တိုက်ရိုက်ထိခိုက်စေပြီး၊ သားပေါက် ရာနေရာကို မရောက်နိုင်တော့ဘဲ ဖြစ်စေပါသည်။

သစ်တောများ

မြန်မာနိုင်ငံတွင် ဆည်များတည်ဆောက်ခြင်းကြောင့် ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရှိနေသော မုတ်သုန်တောများ ရေမြုပ် သွားမည့်အရေး စိုးရိမ်ဖွယ် ခြိမ်းခြောက်မှု ဖြစ်လာစေပါသည်။ ၁၉၉၀ မှ ၂၀၀၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် သစ်တော ဖုံးလွှမ်းဧရိယာ ၁၈% ပျောက်ဆုံးခဲ့ရပါသည်။ ကမ္ဘာပေါ်တွင် သစ်တောဆုံးရှုံးမှုနှုန်း အမြင့်ဆုံး ဖြစ်နေပါသည်။ ရေလွှမ်းမိုး နစ်မြုပ်မည့် အရေးသာမက လမ်းများဖောက်လုပ်ခြင်း၊ လူများ ပြောင်းရွှေ့ရခြင်းကြောင့် သစ်တောများအပေါ် ပို၍ဖိစီးရန် အကြောင်းများ ဖြစ်လာစေသည်။ သစ်များပို၍ ခုတ်ခြင်း၊ လူများ အခြေချနေထိုင်ရာ ရွာများတည်ခြင်း စသဖြင့် ယခင်က မထိမတို့ရှိနေခဲ့သည့် သစ်တောများ ဆုံးရှုံးရဖွယ် ရှိပါသည်။



ငါးဖမ်းလုပ်ငန်းများ

ငါးများ ရွှေ့ပြောင်းသားပေါက်သည့် လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်သောကြောင့် ငါးများ သားပေါက်ရာ မြစ်အထက် ပိုင်းသို့ မရောက်နိုင်ကြတော့ပါ။ သို့အတွက်ကြောင့် မြစ်အောက်ပိုင်းတွင် ငါးဖမ်းလုပ်ငန်းများအတွက် ဆိုးကျိုးမှာ ထင်ရှား သိသာလှပါသည်။ ဆည်များကြောင့် ငါးအမျိုးများလည်း လျှော့နည်းကျဆင်းလာပါသည်။ ဥပမာအားဖြင့်- အရှေ့တောင် အာရှမြစ်များဆိုင်ရာ ကွန်ရက်အဖွဲ့ (Southeast Asia Rivers Network) ၏ အဆိုအရ ငါးမျိုး ၅၀ မှ ၁၀၀ အထိ ပျောက် ဆုံးသွားရကာ ကျန်ရှိနေသောငါးအမျိုးများသည်လည်း ဦးရေကျဆင်းလာပါသည်။ ထိုင်းအစိုးရက နိုင်ငံ၏အရှေ့မြောက်ပိုင်း ဒေသ၌ ပက်မွန်းဆည် (Pak Mun dam) တည်ဆောက်ပြီးနောက်ပိုင်း ဤသို့တွေ့ရှိခဲ့ရသည် ဆိုပါသည်။


"ကမ္ဘာတ၀ှမ်းလုံးတွင် ဆည်များတည်ဆောက်မှုကြောင့် တွေ့ရှိရသော အစီရင်ခံချက်ရလဒ်တခုမှာ မြစ်အောက် ပိုင်းဒေသများ၌ ငါးဦးရေ လျှော့ကျသွားခြင်းပင် ဖြစ်ပါသည်။" - ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင်


ရေစီးဆင်းမှု ပြောင်းလဲခြင်း

ဆည်များကြောင့် ရာသီအလိုက် သဘာဝအရ ရေကြီးခြင်း၊ ရေဆင်းခြင်း ပုံစံကို ပြောင်းလဲစေပါသည်။ ရေများ၏ အနယ် အနှစ်ပြန်လည် ဖြည့်ဆည်းမှုပုံစံနှင့် မြစ်အောက်ပိုင်းရှိ မြစ်၏ရေဝေဒေသများနှင့် နုံးတင်မြေနုဒေသများတွင် မြေဆီသြဇာ အနယ်ကျမှုကို ပြောင်းလဲထိခိုက်စေပါသည်။ သို့အတွက်ကြောင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများနှင့် ငါးဖမ်းရရှိမှုကိုလည်း ထိခိုက်စေပါသည်။ အထူးသဖြင့် မြစ်အထက်ပိုင်းတွင် ဆည်ကိုရေဖြည့်သော အချိန်၌ မြစ်အောက်ပိုင်းတွင် ရေချိုများစီး ဆင်းမှု လျှော့နည်းသွားပါသည်။ မြစ်ဝကျွန်းပေါ်ဒေသများတွင် ရေဆင်းနည်းလာခြင်းကြောင့် ပင်လယ်ဆားငန်ရေ၀င်လာ ခြင်းများ ဖြစ်နိုင်ပြီး၊ မြစ်ဝှမ်းဒေသ၏ ဂေဟဗေဒစနစ်ကို ပြောင်းလဲစေနိုင်ပါသည်။ စိုက်ပျိုးသီးနှံများကိုလည်း ထိခိုက်ဖွယ်ရှိ နေပါသည်။ သဘာဝအရ မဟုတ်သည့် ရေမျက်နှာပြင် အနိမ့်အမြင့်ပြောင်းလဲခြင်းကြောင့်လည်း ရွှေ့ပြောင်းသားပေါက် သည့် ငါးမျိုးစိတ်များကို အနှောက်အယှက်ဖြစ်စေပါသည်။ ထို့ကြောင့် ငါးအရေအတွက်လျှော့ကျလာခြင်းနှင့် နောက်ဆုံး ငါးမျိုးများ တုန်းသွားရသည်အထိ အန္တရာယ်ရှိစေနိုင်ပါသည်။