Wednesday, June 27, 2012

မြင်းဝါလေး


မချစ်လို့တော့ မဟုတ်ပါဘူးတဲ့
မြင်းတစ်ကောင်မို့ လှည်းဆွဲရမယ်
မသနားလို့တော့ မဟုတ်ပါဘူးတဲ့
မြင်းရှာတဲ့လုပ်အားကို မြင်းအတွက်သုံးစရာမလို
မြင်းဇောင်းကောင်းကောင်းမလို
အစာအသင့်အတင့်ကျွေးရင် ကျေနပ်နေတာပဲ။
မြင်းဆိုတာ ခံနိုင်ရည်ရှိတယ်
တစ်နေကုန်ပြေးလည်း မပင်ပန်းဘူး
အမြုံ့ထွက်လည်း ကိစ္စမရှိဘူးတဲ့
ပူလည်းဖြစ်တယ် အေးလည်းဖြစ်တယ်
လမ်းကြမ်းလည်း သံခွာရှိတယ်
တကယ့်ကိုချစ်ပါတယ်
မြင်းဖြစ်တဲ့အတွက်တော့ ဆက်ခိုင်းရမယ်
ပတ်ဝန်းကျင်ကိုမမြင်အောင် မျက်လုံးကိုဖုံးထားတယ်
ဝန်များများဆွဲအောင် နာနာရိုက်ရမယ်တဲ့
ကြိုးဆွဲရင်ရပ် တုတ်တို့ရင်ပြေး
သေသွားရင်တောင်
အမြီးလေးကို ခြင်ရိုက်တံအဖြစ် အမြတ်တနိုး သုံးဦးမှာတဲ့
မြင်းကတော့ မြင်းဖြစ်တဲ့အတွက် ဒါတွေမသိပါဘူး
ဆွဲစရာဝန်မရှိလို့ မြက်ခင်းတွေထဲ လွှတ်ပေးတဲ့နေ့ကပေါ့
ပျော်လွန်းလို့ ပြေးနေလိုက်တာ
ဟီသံတွေများ အ၀ါရောင်သန်းလို့။
(စိုးမိုးယံရဲ့ စံပယ်ဖြူမဂ္ဂဇင်း 2007 ခုနှစ် ဇူလိုင်လထုတ်မှာပါတဲ့ ကဗျာလေးပါ။ ကြိုက်လွန်းလို့ တင်ထားတာပါ။)